မာတိကာသို့ ခုန်သွားရန်

မက်ထရစ်စနစ်

ဝီကီပီးဒီးယား မှ
၀၇:၀၇၊ ၁၇ ဒီဇင်ဘာ ၂၀၂၀ နေ့က 37.111.3.241 (ဆွေးနွေး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

ခရစ် ၁၇၉ဝ ပြည့်နှစ်က ပြင်သစ်နိုင်ငံမှ ၁၆ ဆက် မြောက် လူဝီဘုရင်သည် အလေးချိန်နှင့် တိုင်းတာနည်းကို တညီတညွတ်တည်းဖြစ်စေရန် အကြံတော်ရှိခဲ့သည့်အတိုင်း သိပ္ပံ ပညာရှင်များပါဝင်သော သိပ္ပံပညာတံခွန်အသင်း တစ်သင်းကို ပြင်သစ်နိုင်ငံ၌ ဖွဲ့စည်းစေခဲ့၏။ ထိုဘုရင်သည် အလေးချိန်နှင့် အတိုင်းအတာကို တစ်ကမ္ဘာလုံး၌ တညီတည်းဖြစ်စေရန် ရည်ရွယ်သဖြင့် အခြားတိုင်းနိုင်ငံများမှ သိပ္ပံပညာရှင်များကို လည်း ဖိတ်ခေါ်စေခဲ့သည်။ သို့သော် ၅ နိုင်ငံမှ ကိုယ်စားလှယ် များက တက်ရောက်ခဲ့၍ အခြားနိုင်ငံများမှ မတက်ရောက်ခဲ့ ကြချေ။ ကော်မီတီအဖွဲ့ဝင် သိပ္ပံဆရာကြီးတို့ ရင်ဆိုင်တိုးခဲ့ရ သော ပြဿနာရပ်မှာ လွယ်ကူလှသည် မဟုတ်ပေ။ သူတို့ ကြံဆကြရမည့် အတိုင်းအတာများသည်ကား ကမ္ဘာပေါ်တွင် ရှိသမျှပစ္စည်းတို့ကို တိုင်းတာနိုင်ကြရပေမည်။ ထိုစနစ်သည် အခန်းတွင်းရှိသည့် အလျားအနံ စသည်တို့ကို တိုင်းတာနိုင် သကဲ့သို့ပင် တစ်မြို့မှတစ်မြို့ အကွာအဝေးကို တိုင်းတာနိုင်ကြ ရပေမည်။ သေးငယ်သော ခြံမြေမှအစ တစ်ပြည်လုံးရှိ မြေ ဧရိယာကို တွက်နိုင်ကြရမည်။ တွယ်အပ်ချောင်းခန့် ပစ္စည်းများ မှအစ နေလုံးကဲ့သို့ ကြီးမားသော ထုထည်ကြီးမားသည့် အရာ ဝတ္ထုများကို ချိန်စက်နိုင်ကြရပေမည်။ ဤသိပ္ပံကဝိကြီးများသည်

ဦးခေါင်းတစ်ရာ ပညာတစ်ခု ဆိုသည့် စကားနှင့်လျော်ညီစွာ နောက်ဆုံး၌ မိမိတို့အလိုနှင့် သင့်တော်သည့် စနစ်တစ်မျိုးကို တွေ့ရှိခဲ့ကြသည်။ ဦးစွာ၌ သူတို့သည် ပါရစ်မြို့ကို ဖြတ်သွားသည့် လောင်ဂျီတွဒ်ကိုယူ၍ တစ်ကုဋေပုံတစ်ပုံကို မီတာဟု သတ်မှတ် ခဲ့သည်။ ထိုမီတာကို ၁ဝ လီ၊ ၁ဝဝ လီ၊ ၁ဝဝဝ လီ စသည် ဖြင့် ဆယ်ဆစီတိုး၍ မီတာထက်ကြီးသော အတိုင်းများကို ပြုလုပ်ယူပြီးလျှင် ဆယ်စိတ်၊ ရာစိတ်၊ ထောင်စိတ် စသည်ဖြင့် မီတာထက်ငယ်သော အတိုင်းများကို ခွဲစိတ်ယူသည်။ ထိုသို့ ပြုလုပ်ပြီး သုံးစွဲသောအတိုင်းများကို အောက်ပါဇယားတွင် ဖော်ပြထားပေသည်-

၁ဝ မီလီ မီတာ = ၁ စင်တီ မီတာ
၁ဝ စင်တီ မီတာ = ၁ ဒက်စီ မီတာ
၁ဝ ဒက်စီ မီတာ = ၁ မီတာ
၁ဝ မီတာ = ၁ ဒက်ကာ မီတာ
၁ဝ ဒက်ကာ မီတာ = ၁ ဟက်တိုမီတာ
၁ဝ ဟက်တို မီတာ = ၁ ကီလို မီတာ

မီလီမီတာသည် ၁/၂၅ လက်မခန့်နှင့်လည်းကောင်း၊ စင်တီမီတာသည် ၂/၅ လက်မခန့်နှင့်လည်းကောင်း၊ မီတာသည် ၃၉ ၂/၅ လက်မခန့်နှင့်လည်းကောင်း၊ ကီလိုမီတာသည် ၅/၈ မိုင်ခန့်နှင့်လည်းကောင်း အသီးအသီး ညီမျှသည်။ အလျား တိုင်းကိုရသောအခါ ဧရိယာနှင့်ထုထည်ကို လွယ်ကူစွာတိုင်းတာ နိုင်သည်။ စက္ကူတစ်ရွက်၏ ဧရိယာကို စတုရန်းမီလီမီတာ သို့မဟုတ် စင်တီမီတာဖြင့်လည်းကောင်း၊ ပြည်တစ်ပြည်လုံး ဧရိယာ စတုရန်းကီလိုမီတာဖြင့်လည်းကောင်း ရေးသားဖော်ပြ နိုင်သည်။ ထုထည်ကိုမူကား ကုဗစင်တီမီတာ၊ ကုဗဒက်စီမီတာ၊ ကုဗကီလိုမီတာစသည်ဖြင့် အရွယ်ကိုလိုက်ပြီး သုံးစွဲကြသည်။ ထိုနောက် အရည်ကိုတိုင်းရန် ပိုင့်၊ ကွပ်စသည့် အတိုင်းများအစား အထက်ဖော်ပြပါ အတိုင်းအတာများဖြင့် စနစ်တစ်ခုကို စီမံယူခဲ့ကြသည်။ သူတို့သည် အနား ၁ဝ စင်တီ မီတာစီရှိသော အန်စာပုံခွက်အရွယ် သို့မဟုတ် ကုဗ ၁ဝဝဝ စင်တီမီတာရှိသော အရွယ်ကို တစ်လီတာဟု သတ်မှတ်ခဲ့ကြ သည်။ တစ်လီတာသည် ၁ ၃/၄ ပိုင့် ခန့်နှင့်ညီမျှ၏။ ထိုနောက် အလျားတိုင်းတွင်ကဲ့သို့ ထုထည်အကြီးများကို တိုင်း ရန် ၁ဝ လီ၊ ၁ဝဝ လီ၊ ၁ဝဝဝ လီ အသီးသီး ပြုလုပ်ယူ ပြီးလျှင် ထုထည်အငယ်မျိုးကိုတိုင်းရန် ဆယ်စိတ်၊ ရာစိတ်၊ ထောင်စိတ် စသည်ဖြင့် အောက်ပါဇယားအတိုင်း အသီးသီး ခွဲစိတ်ယူသည်-

၁ဝ မီလီ လီတာ = ၁ စင်တီ လီတာ
၁ဝ စင်တီ လီတာ = ၁ ဒက်စီ လီတာ
၁ဝ ဒက်စီ လီတာ = ၁ လီတာ
၁ဝ လီတာ = ၁ ဒက်ကာ လီတာ
၁ဝ ဒက်ကာ လီတာ = ၁ ဟက်တို လီတာ
၁ဝ ဟက်တို လီတာ = ၁ ကီလို လီတာ

အလေးချိန်ကိုမူကား သူတို့သည် ရေမှရယူကြသည်။ စင်တီဂရိတ် ၄ ဒီဂရီအပူချိန်တွင် ရေသည် အလေးဆုံးဖြစ်၍ ထိုရေ တစ်ကုဗစင်တီမီတာ၏ အလေးချိန်ကို တစ်ဂရမ်ဟု သတ်မှတ်ယူကြသည်။ (တစ်ဂရမ်သည် ၁/၃ဝ အောင်စသာသာ ရှိသည်။) တစ်ဂရမ်ကို တစ်ဖန် အောက်ပါအတိုင်း ဆယ်လီ၊ ရာလီ၊ ထောင်လီသို့လည်းကောင်း၊ ဆယ်စိတ်၊ ရာစိတ်၊ ထောင်စိတ်သို့လည်းကောင်း သတ်မှတ်ယူကြပြန်သည်။

၁ဝ မီလီ ဂရမ် = ၁ စင်တီ ဂရမ်
၁ဝ စင်တီ ဂရမ် = ၁ ဒက်စီ ဂရမ်
၁ဝ ဒက်စီ ဂရမ် = ၁ ဂရမ်
၁ဝ ဂရမ် = ၁ ဒက်ကာ ဂရမ်
၁ဝ ဒက်ကာ ဂရမ် = ၁ ဟက်တို ဂရမ်
၁ဝ ဟက်တို ဂရမ် = ၁ ကီလို ဂရမ်

ထိုသိပ္ပံဆရာကြီးများသည် အတိုင်းအတာများကိုတီထွင် ခဲ့ရာ၌ လွယ်ကူစေရန် ထိုအတိုင်းအတာများကို ခွဲစိတ်ပြီး သတ်မှတ်သောအခါ လက်တင်အမည်များပေးခဲ့၍ အလီပြုလုပ် ပြီး သတ်မှတ်သောအခါ၌မူကား ဂရိအမည်များကို ပေးခဲ့ကြ သည်။ ပုံပမာ မီလီမီတာသည် လက်တင်စကားဖြစ်၍ မီတာ၏ ထောင်စိတ်ဟု အဓိပ္ပာယ်ရပြီးလျှင် ကီလိုမီတာမှာ ဂရိစကေးဖြစ် ၍ မီတာတစ်ထောင်ဟု အဓိပ္ပာယ်ရသည်။ မက်ထရစ်စနစ်ကို ကမ္ဘာအရပ်ရပ်၌ သိပ္ပံဆရာများ သုံးစွဲလျက်ရှိကြသည်။ ဤစနစ်သည် ရှေးဟောင်းစနစ်များထက် တွက်ချက်ရာ၌ ပိုမိုလွယ်ကူ၍ ပိုမိုတိကျသဖြင့် ကမ္ဘာအနှံ့အပြား မှာပင် အခြားကိစ္စများအတွက်လည်း တဖြည်းဖြည်း အသုံးများ လာလျက် ရှိပေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)