သိုးမွေး
သိုးများကိုယ်ပေါ်တွင် ပေါက်သည့် သိုးမွေးသည် အခြားသတ္တဝါများကိုယ်ပေါ်တွင် ပေါက်သော သာမန်အမွေးမျိုးနှင့်တိုက်ရိုက်မတူချေ။ ခြားနားပုံမှာ သာမန်အမွေးမျိုးထက် သိုးမွေးကပို၍ အမျှင်သေးသည်။ ပိုမိုပျော့ပျောင်း၍ ပိုမိုတွန့်လိမ်ရုံမက အလွန်သေးငယ်၍ တစ်ခုပေါ်တစ်ခုထပ်ဆင့်နေသော အကြေးကလေးများ လည်း မြောက်မြားစွာပါရှိသည်။ အဆိုပါအကြေးကလေးများကြောင့် သိုးမွေးအမျှင်များသည် တစ်ခုနှင့်တစ်ခု ယှက်တင် တွယ်ကပ်လျက် ရှိ၍ တွန့်လိမ်နေသည့်အတွက် သိုးမွေးချည်မျှင်များသည်ပြေမထွက်နိုင်အောင် ်ခိုင်မြဲကြသည်။ ကျုံ့နိုင်ကန်နိ်ုင်ခြင်းမှာလည်း သိုးမွေး၏အရည်အချင်းပင်တစ်ခုဖြစ်၏။ ဤအရည်အခြင်းများ ရှိခြင်းကြောင့် အေးသော ဒေသနှင့်အေးသောရာသီတွင် ဝတ်ဆင်ရန် အထည်များရက်လုပ်ရာ၌ သိုးမွေးကို အခြားမည်သည့် အမွေးမျိုးမှမမှီနိုင်ပေ။ သိုးမွေးသည် ပေါ့ပါး၍ ပြင်ပ အအေးနှင့်စိုထိုင်းမှု ကိုကာကွယ်ပေးနိုင်သည်။ ထို့ကြောင့်ပင် သိုးကိုလူတို့အဖို့ အရေးကြီးဆုံးသောသတ္တဝါ များစာရင်းတွင် ထည့်သွင်းထားကြရပေသည်။
သိုးများသည် မ်သည့်အရပ်ဒေသမှ စတင်
ရောက်ရှိလာကြသည်ကို မည်သူမျှတပ်အပ်သေချာစွာ မပြောနိ်ု်င်
ချေ။ သို့ရာတွင်လူတို့သည် စာရေးစာဖတ်မတတ်မီ ကာလကပင်
သိုးများကိုယဉ်ကျေးအောင် မွေးမြူ၍ သိုးမွေးမှအထည်များ
ဖြစ်အောင် ရက်လုပ်လာခဲ့ကြပေသည်။ တောင်အမေရိကတိုက်နှင့်
ဩစတြေးလီးယားတိုက်တို့မှလွဲလျှင် အာရှတိုက်၊
အာဖရိကတိုက်၊ ဥရောပတိုက်နှင့် မြောက်အမေရိက
တိုက်တို့တွင် ယခုတိုင် သိုးရိုင်းများရှိကြသေးသည်။
သိုးရိုင်းများတွင် သိုးမွေးများစွာမရှိချေ။ သာမန်
အမွေးလောက်ကိုသာတွေ့နိ်ုင်လေသည်။ သို့သော်
ထိုသိုးရိုင်းများကို ယဉ်ကျေးအောင် လွယ်ကူစွာပြု လုပ်နိ်ုင်၍
နှစ်ပေါင်းများစွာ စံနစ်တကျပြုစုမွေးမြူပေးနိုင်လျှင် ယင်းတို့မှ
သိုးမွေးကောင်းများကိုပိုမိုရနိုင်သည်။ ယခုအခါသိုး တစ်ကောင်မှ
လွန်ခဲ့သောနှစ်ပေါင်း ၅ဝခန့်ကသိုးတစ်ကောင်ထက် သိုးမွေး
သုံးပုံတစ်ပုံပို၍ ထွက်သည်ကိုတွေ့နေရလေသည်။
အင်္ဂလန်နိုင်ငံတွင် ရောမလူမျိုးတို့မရောက်မီ အချိန်ကပင် အင်္ဂလိပ်တိုင်းရင်းသားတို့သည် သိုးများကို မွေးမြူလျက်ရှိကြသည်။ ရောမလူမျိုးတို့ရောက်သောအခါ ရက်ကန်းလုပ်ငန်းကို စတင်တည်ထောင်ပေးခဲ့ကြသည်။ ထိုအခါမှစ၍အင်္ဂလန်နိုင်ငံတွင် သိုးများကိုမွေးကာ သိုးမွေးထည်များကို ရက်လုပ်လာခဲ့ကြရာ အင်္ဂလန်နိုင်ငံကို ချမ်းသာလာသော တိုင်းပြည်တစ်ပြည်ဖြစ်အောင် ဖန်တီးပေးခဲ့သည့် အဓိကလုပ်ငန်းများတွင် သိုးမွေးလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ အင်္ဂလန်နိုင်ငံ၏ သမိုင်းသည် သိုးမွေးလုပ်ငန်းသမိုင်းပင်ဖြစ်သည်ဟု ဆိုလျှင်မမှားနိုင်ချေ။ အင်္ဂလန်နိုင်ငံတွင် ယော့ရှိုင်ယာနယ်သည် သိုးမွေးလုပ်ငန်း၌ အထင်ရှားဆုံးသောနယ်ဖြစ်သည်။
ဗြိတိသျှသိုးများမှရသော သိုးမွေးသည် အခြား တိုင်းပြည်များမှ ရသောသိုးမွေးမျိုးထက် ရှည်သောကြောင့် ထင်ရှားခဲ့သည်။ ဗြိတိသျှသိုးများတွင် အမျိုးအစား အများအပြားရှိရာ ယင်းတို့ကိုမွေးမြူရာနယ်ပယ်တို့၏ အမည်များဖြင့်ခေါ်ဝေါ်လေ့ရှိကြသည်။ အင်္ဂလန်နိုင်ငံတွင် သိုးများကိုမွေးမြူလာခဲ့ကြသည်မှာ ကာလကြာပြီဖြစ်သည့် အတိုင်း သိုးမွေးနှင့်သိုးမွေးရက်လုပ်သည့် လုပ်ငန်းဘက်တွင် အခြားနိုင်ငံများထက် ကျော်ကြားလေသည်။ ယနေ့တိုင်အောင်ပင်လျှင် အကောင်းဆုံးသိုးမွေးထည်များကို အင်္ဂလန် နိုင်ငံမှသာလျှင်ရနိုင်၏။ သို့ရာတွင်အင်္ဂလန်နိုင်ငံ၌ ပြည်တွင်းမှရသော သိုးမွေးများဖြင့်မလုံလောက်သည့် အတွက် နှစ်စဉ်နှစ်တိုင်းနိုင်ငံခြားများမှ အထူးသဖြင့် ဩစတြေးလီးယားနှင့် နယူးဇီလန်နိုင်ငံများမှအမြောက်အမြားဝယ်ယူ တင်သွင်းရပေသေးသည်။
ဗြိတိသျှကျွန်းမှရသော သိုးမွေးသည် အရှည်ဆုံး ဖြစ်စေကာမူ အနူးညံ့ဆုံးဟူ၍ကားမပြောနိုင်ချေ။ မယ်ရီနိုဟူသည့် သိုးမျိုးမှရသောသိုးမွေးသည် အင်္ဂလန်နိုင်ငံမှရသော သိုးမွေးတို့ကဲ့သို့ မရှည်ဘဲအမွေးပို၍ ထွက်သည်။ မယ်ရီနိုသိုးတစ်ကောင်လျှင် သိုးမွေး ၂၈ပေါင်ခန့်ထွက်သည်။ အမွေးလည်းပို၍ နူးညံ့သည်။ မယ်ရီနိုသိုးမွေးမျိုးကို စပိန်နိုင်ငံမှရပြီးလျှင် ထိုသိုးမွေးမျိုးသည် ရှေးနှစ်ပေါင်း များစွာမှစ၍ ယနေ့ တိုင်အောင် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသိုးမွေးဖြစ်လေသည်။ သိုးမွေးမြူသူတို့သည် နိုင်ငံအသီးသီးမှမျိုးကောင်းသိုးများကို ယူပြီးလျှင်၍ အကောင်းဆုံးသိုးများဖြစ်အောင် ဂရုစိုက်မွေးမြူကြသည်။ အချို့ ဒေသများတွင်မျိုးစပ်ယူသူလည်းရှိ၏။ မည်သည့်အရပ်ဒေသတွင် မွေးမြူသည်ဖြစ်စေ၊ သိုးများကိုမွေးမြူရာ၌ သိုးမွေး ပိုထွက်စေရန်နှင့် ပို၍ကောင်းသော သိုးမွေးမျိုးရစေရန်မှာ အဓိကရည်ရွယ်ချက်ပင်ဖြစ်လေသည်။
စပိန်နိုင်ငံမှ မယ်ရီနိုသိုးမျိုးသည် ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သို့လည်း ရောက်ရှိမျိုးပွားသည်။ ဤနည်းဖြင့် အမျိုးကောင်းသိုးမျိုးများသည် ဥရောပတိုက်တွင် တဖြည်းဖြည်းပြန့်ပွားလာသည်။ ပြင်သစ်နှင့်ဗြိတိန်နိုင်ငံမှ သိုးများသည် တောင်အမေရိကတိုက်သို့လည်းကောင်း၊ မယ်ရီနိုသိုးမျိုးသည်တောင်အာဖရိကတိုက်သို့လည်းကောင်း၊ ရောက်ရှိသွားပြန်သည်။ တစ်ဖန် မယ်ရီနိုသိုးမျိုးနှင့် ဗြိတိသျှသိုးမျိုးများသည် ဩစတြေးလီးယားနှင့် နယူဇိီလန်နိုင်ငံများသို့ ရောက်ရှိသွားသည်။ ယခုအခါ ထိုနိုင်ငံမှအခြားနိုင်ငံများထက်ပင် သိုးမွေးများပို၍ ထွက်လျက်ရှိပေသည်။ အမေရိကန်ပြည်ထောင်စု၌လည်း အပြည်ပြည်မှ သိုးအမျိုးမျိုး တင်သွင်း၍မျိုးအမျိုးမျိုးစပ်ကာ အကြီးအကျယ်မွေးမြူလျက်ရှိပေသည်။
သိုးမွေးအကောင်းအဆိုးသည် သိုး၏ကျမ်းမာရေး၊ ပတ်ဝန်းကျင် ရာသီဥတု၊ သိုးမွေးသူဂရုတစိုက် မွေးမြူတတ်မှုပေါ်တွင်လည်းတည်သည်။ ကောင်းစွာကျွေးမွေး ထိန်းကျောင်းခြင်းမခံရသောသိုး၏ အမွေးသည်ကြမ်းတတ်သည်။ သာမန်အားဖြင့် သိုးမွေးကိုတစ်နှစ်လျှင် တစ်ကြိမ်ကျ ဧပြီလနှင့်မေလတို့တွင် ညှပ်ယူလေ့ရှိကြသည်။ ပူအိုက်သော တိုင်းနိုင်ငံများတွင်မူ တစ်ခါတစ်ရံနှစ်ကြိမ်ပင်ညှပ်ယူကြသေး၏။ သိုးရှစ်လသားအရွယ် လောက်တွင် သိုးမွေးပထမအကြိမ် ညှပ်ယူ၍ ထိုသိုးကလေးအမွေးမှာ အကောင်းဆုံးဖြစ်ပေသည်။ သိုးကိုယ် ပေါ်တွင်နေရာကိုလိုက်၍လည်း သိုးမွေးအကောင်းအညံ့ ဖြစ်နိုင်ရာ သိုးကိုယ်နံဘေးနှင့်ပခုံးမှရသောသိုး မွေးမှာ အကောင်းဆုံးဖြစ်လေသည်။ သာမန်အားဖြင့် သိုးမွေးကိုကျွမ်းကျင်သူကိုယ်တိုင် လက်ဖြင့်ညှပ်ယူကြသော်လည်း သိုးအကြီးအကျယ်မွေးမြူသောနေရာများ၌မူ စက်ဖြင့်ညှပ်ယူကြ လေသည်။ လက်ဖြင့်ညှပ်ယူကြသောအခါ လူတစ်ယောက်သည် တစ်နေ့လျှင်သိုးကောင်ရေ ၂၅ကောင်အထိသာညှပ်နိုင်၍ စက်ဖြင့်ညှပ်ပါက အကောင် ၂ဝဝမျှပြီးနိုင်လေသည်။
စင်ကြယ်သောသိုးမွေးများ ရနိုင်စေရန် သိုးကို အမွေးမညှပ်မီ တစ်ကြိမ်နှစ်ကြိမ်လောက် ရေချိုးပေးရသည်။ သို့မဟုတ်ရေကူးစေရသည်။ သို့တိုင်အောင် လုံးဝမစင်ကြယ် သေးသည့် အတွက်ညှပ်ပြီးသားသိုးမွေးကို စေ့စပ်သေချာစွာ ထပ်မံ၍ ဆေးကြောပေးရသေး၏။ ထိုအခါဖုန်အညစ်အကြေး များသာမက သိုးမွေးတွင်ပါရှိသော ဆီများပါကင်းစင် သွားလေသည်။ ထိုနောက်သိုးမွေးများကိုအခြောက်ခံပေးရ၏။ ထိုနောက်တစ်ဖန် မငင်မရက်မီ သိုးမွေးအကောင်းအညံ့ကို လိုက်၍လည်းကောင်း၊ ရက်လုပ်မည့်အထည်ကိုလိုက် ၍လည်းကောင်း၊ နည်းအမျိုးမျိုးဖြင့် ပြုလုပ်စီမံရပြန်သည်။ ပြုပြင်ရာတွင် ရှုပ်ထွေးနေသောသိုးမွေးများကို ဖြေပေးရသည်။ အဖုအထုံးများကို ဓာတ်ဆေးများစက်များဖြင့် ရှင်းလင်း ပေးရသည်။ ရက်လုပ်မည့်အထည် ကိုလိုက်၍ ဝါခြည်၊ ပိုးခြည်စသည်များနှင့်လိုသလိုရောပေးရသည်။ ထိုနောက်
သိုးမွေးများကို မူလအတိုင်း ပြန်လည်ပျော့ပျောင်းစေရန်
ဆီထည့်ပေးရပြန်သည်။ လိမ်ကောက်၍ မနေအောင်လည်း ဘီးများဖြင့်ဆန့် ပေးဖြီးပေးရ၏။ ထို့ပြင်အခြားအသေးစိတ် ပြုပြင်ပေးမှုများလည်းရှိသေးရာ ယင်းပြုပြင်မှုအားလုံးကိုပင် စက်များဖြင့် ပြုလုပ်ယူကြလေသည်။
သိုးမွေးကို မငင်မီသော်လည်းကောင်း၊ ရက်ပြီးမှသော် လည်းကောင်း လိုသည့်အရောင်ကိုဆိုးပေးနိုင်သည်။ အထည် ဖြစ်ပြီးသောအခါ ကျုံ့သွားအောင်ချုံးပေးရပြန်သည်။ ထိုသို့ မလုပ်ပေးပါက အဝတ်အစားချုပ်ပြီး နောက်တစ်ခါဝတ်ပြီးလျှင် ဝတ်၍မရအောင်တိုသွားကျုံ့သွားတတ်ပေသည်။ တစ်ဖန်ရက်ပြီးသားအထည် ပေါ်တွင် အမွေးနုများအစ ထောင်လာအောင် စက်ဖြင့်ပြုလုပ်ပေး၍ အခြားစက်ဖြင့်တစ်ဖန် ထိုထောင်နေ သည့်အမွေးစများကို ညီအောင်ညှိပေးရပြန်သည်။ နောက်ဆုံးတွင် အထည်ကိုခြောက်သွေ့ပြားချပ်၍ အရောင်တောက်လာအောင် စက်အမျိုးမျိုးဖြင့် ဖိနှိပ်ပြုပြင် ပြီးသောအခါ ထိုသိုးမွေးထည်မှာ ရောင်းချရန် အသင့်ဖြစ် လေတော့သည်။ သိုးမွေးထည်တွင် သိုးမွေးစောင် ကဲ့သို့သော အထည်မျိုးနှင့်သက္ကလတ်ကဲ့သို့သော အထည်မျိုး ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ သိုးမွေးစောင်ကဲ့သို့သော အထည်မျိုးတွင် သိုးမွေးခြည်မျှင်ကိုသိုးမွေးအတိုစားမျိုး မှငင်ယူ၍ ခြည်မျှင်၌ပါဝင်နေသော အမျှင်များသည် အစီအရီမဟုတ်ဘဲ ဖြစ်ချင်သလိုဖြစ်နေကြသည်။ ဤအထည်မျိုးမှာ အမွေးပွ၍ ပျော့ပျောင်းသည်။ သက္ကလတ်ကဲ့သို့သောအထည်မျိုးတွင်မူ ခြည်မျှင်ကိုသိုး မွေးအရှည်စားမျိုးမှ ငင်ယူ၍ခြည်မျှင်၌ ပါဝင်သောအမျှင်များကို တစ်ဖက်သတ် အစီအရီဖြစ်နေအောင် ပြုလုပ်ထားသည်။ ထိုကြောင့်ဤအထည်မျိုးသည် အမွေးပွမနေဘဲ ညက်ညော၍ ကျစ်ကျစ်လျစ်လျစ်ရှိလေသည်။
တစ်နှစ်တစ်နှစ်လျှင် တစ်ကမ္ဘာလုံးမှ သိုးမွေး အလေးချိန် ပေါင်သန်းပေါင်း မြောက်မြားစွာထွက်ရာ ဩစတြေလီးယားတစ်နိုင်ငံတည်းမှ လေးပုံတစ်ပုံကျော်မျှ ထွက်သဖြင့် သိုးမွေးလုပ်ငန်း၌ကမ္ဘာတွင်ဗိုလ်စွဲသည်ဟု သိရလေ သည်။ ကောင်းသည့်နေရာတွင် သိုးမွေးကိုမမီသော်လည်း သိုးမွေးနှင့်နီးစပ်ဆင်တူ၍ ရောင်းတမ်းအား ဖြင့်သိုးမွေးဟုပင် ခေါ်လေ့ရှိသော အမွေးတစ်မျိုးရှိသေးသည်။ ယင်းတို့မှာ အန်ဂိုရာဆိတ်မျိုးမှရသောမိုး ဟဲယားခေါ် အမွေးနှင့် အယ်လပတ်ကား ကုလားအုပ်မျိုးမှရသော အယ်လပတ်ကား အမွေးမျိုးတို့ဖြစ်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)