မာတိကာသို့ ခုန်သွားရန်

ဂျိုးဇက် လစ်စတာ

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ဂျိုးဇက် လစ်စတာ

လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ကျော်ခန့်လောက်ကဆိုလျှင် လူတစ်ယောက်သည် ခြေလက် အင်္ဂါတစ်ခုခု မတော်တဆကျိုးပဲ့သွားရုံမျှနှင့် သူ၏အသက်ဘေးမှာ အလွန် စိုးရိမ်ဖွယ်ဖြစ်ခဲ့ရပေသည်။ သို့သော် ယခုအခါတွင်မူ လူတစ်ဦးတစ်ယောက်သည် တော်ရုံခြေကျိုးကာမျှဖြင့် သေသွားရသည်ဆိုလျှင် ရယ်စရာသာ ဖြစ်နေပေလိမ့်မည်။ ထိုစဉ်က ခွဲစိတ်ရသည့်ရောဂါနှင့် သေဆုံးကြရသူများ မှာ များသောအားဖြင့် ဒဏ်ရာကြောင့် မဟုတ်ဘဲ ခွဲစိတ်သည့် ဆရာဝန်၏ ဓားမှအဆိပ်အတောက်ဖြစ်ကာ သေဆုံးကြရခြင်းသာဖြစ်လေသည်။ ယခုအခါတွင် ဤသို့အဆိပ်အတောက်ဖြစ်ခြင်းမှ လုံးဝကင်းလွတ်ခဲ့ပြီဖြစ်၍ ခွဲစိတ်ကုသခြင်းကို အထူးအဆန်းဟူ၍ပင် အမှတ်မထားကြတော့ချေ။


ခွဲစိတ်ကုသရေးတွင် ဤမျှလောက် တိုးတက်လာခဲ့ခြင်းမှာ ဂျိုးဇက်လစ်စတာ(ခရစ် ၁၈၂၇ - ၁၉၁၂) အမည်ရှိ အင်္ဂလိပ်ဆေးပညာပါရဂူကြီး၏ကျေးဇူးကြောင့်ဖြစ်ပေသည်။ လစ်စတာသည် ၁၈၂၇ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အက်ဆက်နယ် အပ်ပတန်မြို့၌ ဖွားမြင်သည်။ သူသည် ဆေးပညာကို သင်ယူတတ်မြောက်ခဲ့ပြီးနောက် သူ၏တစ်သက်တာအတွင်း ဂလပ်စဂိုးတက္ကသိုလ်၊ အက်ဒင်ဗာရာတက္ကသိုလ်နှင့် နောက်ဆုံးလန်ဒန်မြို့ ဘုရင့်ကောလိပ်ကျောင်းတို့တွင် ခွဲစိတ်ကုသမှုပညာဆိုင်ရာ ပါမောက္ခအဖြစ်ဖြင့် ဆောင်ရွက်ခဲ့လေ သည်။ လစ်စတာသည် ဆေးပညာကိုဆည်းပူးနေစဉ်အတွင်း ခွဲစိတ်ကုသခြင်းခံကြရသောလူနာတို့၏ သနားစဖွယ် အသက်ဆုံးရှုံးကြခြင်းကို မကြာခဏ တွေ့ရလေသည်။ ထိုကြောင့် ခွဲစိတ်ကုသရာမှ ဖြစ်ပေါ်လာသည့်ရောဂါတို့ကို အရင်းအမြစ်တိုင်အောင် စုံစမ်းလေ့လာရှာဖွေကြည့်လေသည်။ ၁၈၆၂ ခုနှစ်တွင် ပြင်သစ်သိပ္ပံပညာရှင်ကြီး တစ်ဦးဖြစ်သော ပါးစတားဆိုသူသည် မိုက္ကရိုစကုပ်ဖြင့်သာမြင်နိုင်သည့် ရောဂါပိုးမွှားတို့အကြောင်းကို တွေ့ရှိလေသည်။

လစ်စတာသည်လည်း ပါးစတား၏ အယူအဆကိုအခြေခံပြုကာ ထိုရောဂါပိုးမွှားများ ကာကွယ်ရန်ဆေးကိုကြိုးစားကြံစည်ခဲ့ရာ ၁၈၆၅ ခုနှစ်တွင် ကာဗောလစ် အက်ဆစ်ကို တွေ့ရှိသည်။ ထိုကာဗောလစ်အက်ဆစ်ဖြင့် ပိုးမွှားတို့ကိုသတ်နိုင်ခဲ့ရာ ခွဲစိတ်ကုသခြင်းမှ ဖြစ်ပေါ်လာသော ဘေးဥပါဒ်တို့ကို ကင်းလွတ်စေနိုင်ခဲ့လေသည်။ လစ်စတာတွေ့ရှိခဲ့သည့် ကာဗောလစ်အက်ဆစ်မှာ အလွန်စပ်သောကြောင့် လူနာတို့ ကြောက်ရွံ့ခဲ့သော်လည်း ယခုအခါတွင်မူ မစပ်မနာစေရန် စီမံနိုင်ခဲ့ပြီဖြစ်သည်။ လစ်စတာသည် ခွဲထားသောအနာကို တိရစ္ဆာန်အူကြိုးဖြင့် စတင်ချုပ်ခဲ့ခြင်းဖြင့် အနာခွဲကြောင်းရာကို ပြန်လည်စေ့စပ်စေနိုင်ခဲ့လေသည်။ အသက်ပေါင်းများစွာကို ကယ်ဆယ်ခဲ့သော သူ၏ တွေရှိမှုများ ကြောင့် လစ်စတာသည် လော့ဘွဲ့ခြီးမြှင့်ခြင်း ခံခဲ့ရသည့်ပြင် တော်ဝင် အသင်းကြီး၏ ဥက္ကဋ္ဌရာထူးစသည်တို့ဖြင့်လည်း ချီးမြေ|ာက်ခြင်းကို ခံခဲ့ရလေသည်။ သူသည် ၁၉၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ကွယ်လွန်သွားလေသည်။[]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)